မိုင်းလုံ မေ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အောက်ရပ်ကွက်တွင်နေထိုင်သောတောင်သူ ဦးခင်မောင်ထွေး စိုက်ပျိုးထားသောဆောင်းပဲပုပ်ရေဆင်း(၁၅) မျိုးသန့်ပွားစံ ပြစိုက်ကွက်သို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စိုးစိုးအေးနှင့် ဝန်ထမ်းများက ယနေ့နံနက်၁၀ နာရီအချိန်ခန့်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်ရာတွင် မြို့ဦးစီးမှူး ဒေါ်စိုးစိုးအေးက သီးနှံများအထွက်တိုးအောင် ပဲမျိုးနွယ်ဝင် အပင်ဖြစ်သည့်အတွက် N:P:K မြေဩဇာအပြင် ကျောက်မှုန့်မြေဩဇာကိုလည်း အချိုးကျထည့်ပေးရန်၊ ရွက်ဖျန်းမြေဩဇာကို အဖူးအပွင့်ဝင်ချိန်၊ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ သီးကင်းဝင်ချိန်တို့၌ ဖျန်းပေးရန်၊ မိုးကြိုနှင့် နွေရာသီဖြတ်သန်းရသော စိုက်ခင်းများတွင် ပန်းပွင့်ချိန်နှင့် သီးတောင့်ပြည့်ချိန်တို့၌ ရေနှစ်ကြိမ်ပေးနိုင်လျှင် အထွက်ပိုကောင်းသောကြောင့် စိုက်ခင်းအတွင်း ရေသွင်းနိုင်အောင်ဆောင်ရွက်ရန်၊ ရေများပါက ရေမဝပ်အောင်ဆောင်ရွက်ပေးရန်၊ ပေါင်းမြက်နှိမ်နင်းခြင်း၊ ပိုးမွှားနှင့်ရောဂါကင်းစင်အောင် ပြုလုပ်ခြင်းတို့ကို စိုက်ပျိုးသူတို့က ပြုပြင်ဆောင်ရွက်ပေးခြင်းဖြင့် အထွက်ကောင်းအောင် ပြုလုပ်သွားနိုင်ပါကြောင်းကို တောင်သူအား အကြုံပြုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)