မိုင်းယောင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းဖွင့်လှစ်

မိုင်းယောင်း မေ ၁၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘက်စုံသုံးဆပ်ပြာပြုလုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်ခြင်း၏ အကျိုးကျေးဇူးများ၊ သင်တန်းသူများအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို မြတ်နိုးတန်ဖိုးထားပြီး ရရှိသည့်အခွင့်အရေးကို အပြည့်အဝအသုံးချကာ မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုသင်တန်းတွင်ပို့ချသည့် သင်ခန်းစာများကို ကြိုးစားသင်ယူကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစံလင်းက ဌာန၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သော သင်တန်းသည် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဘက်စုံသုံး ဆပ်ပြာပြုလုပ်နည်း သင်တန်းဖြစ်ကြောင်းစသည့်  သင်တန်းဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်နိုင်လင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက သင်တန်းနှင့်သက်ဆိုင်သော သင်ခန်းစာများ၊ သင်ထောက်ကူပစ္စည်းများ၊ သင်တန်းခန်းမနှင့် သင်တန်းဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါသင်တန်းသို့ ကျေးရွာအုပ်စုများမှ သင်တန်းသူ ၁၅ ဦးတက်ရောက်ကြပြီး အဝတ်လျှော်ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာခဲ၊ Hand Gel စသည့် ဘက်စုံသုံး ဆပ်ပြာပြုလုပ်နည်းများကို ၁၀ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် စနစ်တကျ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)