မိုင်းခုတ်မြို့၌ ဒေသထွက်မက်မန်းသီးများ လှိုင်လှိုင်ပေါ်သဖြင့် မိသားစုအပိုဝင်ငွေရရှိ

မိုင်းခုတ် မေ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဒေသထွက်မက်မန်းသီးများ လှိုင်လှိုင်ပေါ်သဖြင့် မက်မန်းသီးစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ယခင်က မက်မန်းသီးကိုအခြားမြို့များမှ မှာယူရောင်းချကြသဖြင့် တစ်ကီလိုကို (၂၅၀၀)ကျပ်ဖြင့် ဝယ်ယူစားသုံးရကြောင်း၊ ဓာတုဆေးဝါးများဖြင့် စိုက်ပျိုးထားသဖြင့် ကျန်းမာရေးနှင့်မညီညွတ်ကြောင်း၊ ယခုအခါ ဒေသထွက်မက်မန်းသီးများ ရင့်မှည့်ချိန်ရောက်ရှိလာပြီဖြစ်ရာ နို့ဆီဗူး တစ်ဗူးလျှင် (၃၀၀)ကျပ်၊ နှစ်ဗူးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း၊ သဘာဝအတိုင်းစိုက်ပျိုးထားသဖြင့် ကျန်းမာရေးနှင့်လည်းညီညွတ်ကြောင်း၊ စား၍အလွန်ချိုကြောင်း မက်မန်းသီးစိုက်ပျိုးရောင်းချသူ အမှတ်(၂)ရပ်ကွက်မှ ဒေါ်အားမီထံမှ သိရသည်။

မက်မန်းပင်များသည် စတင်စိုက်ပျိုးချိန်မှ  သုံးနှစ်ခန့်အကြာ စတင်အသီးသီးကြောင်း၊ နှစ်စဉ်မေလတွင် ဆွတ်ခူးရောင်းချရကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)