ကျောက်ဆည် မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ် အောင်ဆန်းခန်းမတွင် ယနေ့ နံနက်၉ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ယူမည့် ပထမနှစ်ကျောင်းသား/ကျောင်းသူများနှင့် ဘွဲ့ကြိုကျောင်းသား/ကျောင်းသူများအား နွေးထွေးလှိုက်လှဲစွာကြိုဆိုပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြိုဆိုပွဲအခမ်းအနားတွင် ကျောက်ဆည်နည်းပညာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက ကျောက်ဆည်နည်းပညာတက္ကသိုလ်ကြီးကို (၁၉၉၈)ခုနှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၁ခုနှစ်တွင် နည်းပညာကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး (၂၀၀၇)ခုနှစ်တွင် နည်းပညာတက္ကသိုလ်အဖြစ်ဖွင့်လှစ်ခဲ့ပြီး ပညာရေးဝန်ဆောင်မှုများကို စီမံခန့်ခွဲရာတွင် (၂၀၁၅)ခုနှစ်မှစတင်ကာ နိုင်ငံတကာ စီမံခန့်ခွဲမှုများ စံချိန်စံညွှန်း ISO.9001-2008 ကို လက်ခံကျင့်သုံးခဲ့ပြီး အသိအမှတ်ပြုလက်မှတ်များရရှိခဲ့ကြောင်း၊ (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလတွင် ISO.9001-2015 အသိအမှတ်ပြုလက်မှတ် ထပ်မံရရှိခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ် အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ သတ္ထုဗေဒအင်ဂျင်နီယာနှင့် သုတနည်းပညာဘာသာရပ်များတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာပညာရေး စိစစ်အကဲဖြတ်မှုကော်မတီ၏ ပဏာမ အသိအမှတ်ပြုမှုများ ရရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အာဆီယံတက္ကသိုလ် ကွန်ယက်၏ အရည်အသွေးအာမံခံမှုအဖွဲ့အစည်း (AUN-QA)တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရရှိကြောင်း၊ ပထမဆုံးအကြိမ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲကို ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ကျင်းပနိုင်ခဲ့ပြီး ပထမဆုံးသုတေသနဂျာနယ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် သုတေသနဂျာနယ်(volume-4)ကို ဆက်လက်ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့နေထိုင်မည့်အဆောင်များနှင့် သင်ယူမည့်ဘာသာရပ်များတွင် အခက်အခဲကြုံခဲ့ပါက အချိန်မရွေးဖြည့်ဆည်းပေးမည်ဖြစ်သဖြင့် ပွင့်လင်းစွာပြောကြားကြစေလိုကြောင်း နွေးထွေးစွာဖြင့် နှုတ်ခွန်းဆက်စကားများပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာသင်းသင်းနွဲ့က ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ပညာရေးကဏ္ဍနှင့် စီမံခန့်ခွဲရေးကဏ္ဍများတွင် တာဝန်ယူဆောင်ရွက်သွားကြမည့် ပါမောက္ခများနှင့်တာဝန်ရှိသူများအား မိတ်ဆက်ပေးခဲ့ကြောင်း နှင့် ကြိုဆိုနှုတ်ဆက်ပွဲအပြီးတွင် သက်ဆိုင်ရာဌာနများ၊ မေဂျာများ၊ ဘာသာရပ်များအလိုက် ဆောင်ရွက်ထားသည့် သုနေသနလုပ်ငန်းများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ပြီး သင်ကြား/သင်ယူမှုများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်မောင်