ရန်ကင်း မေ ၁၁
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Siopharn ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Astra Zeneca) ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ယမန်နေ့နံနက် ၉:၀၀နာရီက ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ အရိယာဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကင်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Astra Zeneca)ကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါဆေးထိုးနှံရာသို့ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း တို့ကိုဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။
အိရွှေစင်