မိုးကုတ်မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအောင်မြင်ရေး ရွေးချယ်ခံအထူးရဲတပ်ဖွဲ့၀င်များနှင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်များချုပ်ဆို

မိုးကုတ် ၊ စက်တင်ဘာ ၃

၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ (၈) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်ရာ မဲရုံများတွင် အထူးရဲများအဖြစ် ခန့်အပ်တာ၀န်ပေးနိုင်ရေး ရွေးချယ်ခံတပ်ဖွဲ့၀င်များနှင့် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချုပ်ဆိုခြင်းများကို ယမန်နေ့က မိုးကုတ်မြို့ မြို့မစခန်း ဓမ္မာရုံနှင့်  မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်နယ်မြေစခန်းရုံးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာချုပ်ချုပ်ဆိုမှုကို မိုးကုတ်မြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူးငြိမ်းချမ်း ဦးဆောင်ပြီး မြို့မစခန်းမှူး ဒုရဲမှူးသိန်း၀င်းထွန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဦးထွန်းမင်းနိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးနန္ဒထွန်းနိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်းတို့ပါ၀င်သည့် မြို့နယ်ရွေးချယ်ရေးအဖွဲ၀င်များက အထူးရဲအဖြစ် ရွေးချယ်ခံ ထားရသူများနှင့်တွေ့ဆုံ၍ စာချုပ်ပါအချက်အလက်များကို ရှင်းလင်းပြောကြားကာ ၄င်းတို့၏ရှေ့မှောက်တွင် စာချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ကာ အထူးရဲအဖြစ် ရွေးချယ်ခံထားရသူများအနေဖြင့် အောက်တိုဘာ (၁) ရက်နေ့မှ နို၀င်ဘာ (၁၅) ရက်နေ့အထိ ရက်ပေါင်း (၄၆) ရက်အတွက် လစာနှင့်ရိက္ခာတို့ရရှိခံစားနိုင်မည်ဖြစ်ပြီး ရဲတပ်ဖွဲ့၀င်တစ်ဦးထမ်းဆောင်ရမည့်တာ၀န်၀တ္တရားများအတိုင်း ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်ကာ လေ့ကျင့်သင်တန်းပေးခြင်းကိုခံယူ၍ ၂၀၂၀ ခုနှစ် နို၀င်ဘာလတွင် ကျင်းပမည့်အထွေထွေ ရွေးကောက်ပွဲကြီးတွင် အထက်အရာရှိအဆင့်ဆင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တာ၀န်ထမ်းဆောင်ကြရမည်ဖြစ်သည်။ မိုးကုတ်မြို့နယ်အနေဖြင့် မဲရုံပေါင်း ( ၁၄၄ )ရုံ အတွက် အထူးရဲ (၁၄၇) ဦးတို့ဖြင့် စာချုပ်ချုပ်ဆိုခဲ့ကြကြောင်း သိရှိရသည်။

ဖြိုးမမ(မိုးကုတ်)