မတ္တရာမြို့နယ်၌ ကုန်ထုတ်လမ်းဆောင်ရွက်မည့်နေရာအား ကွင်းဆင်းစစ်ဆေး

မတ္တရာ မေ ၁၁

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လက္ကောင်းကြီးကျေးရွာအုပ်စု မြောင်းသစ်ကျေးရွာရှိ ဧက(၂၀၀)ကွင်းကုန်ထုတ် လမ်းအဆင့်မြှင့်တင်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဧက(၂၀၀)ကွင်း ကုန်ထုတ်လမ်းအား စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ၆လ ဘတ်ဂျက် တွင် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကုန်ထုတ်လမ်းအား မြေသားတင်ဂျင်းခင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ကုန်ထုတ်လမ်း၏ မြေပြင် အခြေအနေအား ပြင်ဦးလွင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာညို၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ခရိုင်ဦးစီးမှူးမှ လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရေးညှိနှိုင်းဆွေးနွေး ပြောကြားခဲ့သည်။

မြောင်းသစ်ကျေးရွာကုန်ထုတ်လမ်းသည် အရှည် (၂/၆.၆၇)မိုင်၊ အကျယ် ၁၄ ပေရှိပြီး ကုန်ထုတ်လမ်းပြီးစီးပါက ဒေသခံတောင်သူ (၄၈)ဦး၏ စိုက်ပျိုးဧက (၂၀၀)အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ် ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)