ကျိုက်ထို စက်တင်ဘာ ၃
လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ Covid- 19 ကာလတွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝများအပေါ် သက်ရောက်မှုများ လျော့ပါး သက်သာစေရန် ရည်ရွယ်၍ ကျိုက်ထိုမြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့ငွေပေး အပ်နိုင်ရန် ယနေ့ မွန်းလွဲ ၂ နာရီက မြောက်ပိုင်း ရပ်ကွက်ဓမ္မာရုံ၌ ကျိုက်ထိုမြို့နယ် ရင်ခွင်မဲ့ ကလေးစောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်တင်နွယ်ဦးနှင့်အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များ၏ စာရင်းနှင့် ဩဂုတ်လအတွင်း မွေးဖွားသည့် ကလေးငယ်များ၏စာရင်းများကိုကောက်ယူခဲ့သည်။
စာရင်းကောက်ယူရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးစစ်ချက် အထောက် အထားများ၊ တရားဝင် မှတ်ပုံတင်ထားသော ပုဂ္ဂလိကဆေးရုံဆေးခန်းများ၏ ဆေးစစ်ချက် အထောက်အထားများရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ဩဂုတ်လအတွင်း မွေးဖွားသည့် ကလေးငယ်များ၏ စာရင်းကိုသာကောက်ယူခြင်းဖြစ်သည်။
ယင်းသို့ကောက်ယူရရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စက်တင်ဘာ ၂၀ရက် နောက်ပိုင်းတွင် မိုဘိုင်းငွေလွဲစနစ်ဖြင့် လွဲပြောင်း ပေးအပ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင်းမောင်(ကျိုက်ထို)