ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး မေ ၁၀

ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကျင်းပရေးနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မြန်မာသက္ကရာဇ်၁၃၈၄ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓ အခါတော်နေ့ ၂၀၂၂ခုနှစ် မေလ(၁၄)ရက်တွင် ကျင်းပပြုလုပ်မည့် တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာ စေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်အားညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ခေါ်ယူကျင်းပရခြင်းဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို တိုင်းဒေသကြီး/ပြည်နယ်များ၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်လည်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်း အနားကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ယခုနှစ်တွင်လည်း အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများအလိုက် ဝိုင်းဝန်းအကြံပြုဆွေးပေး စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီးဦးအောင်မြင့်နှင့် ကော်မတီအတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးစိုင်းသော်ဝင်းတို့က ဆွေးနွေးတင်ပြပြီး ကော်မတီအဖွဲ့များဖြစ်သည့် အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးကြိုဆိုနေရာချထားရေး၊ သတင်းမှတ်တမ်းနှင့်ပြန်ကြားရေး လုပ်ငန်း ကော်မတီ၊ ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီတို့မှ အသီး သီးဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေး တင်ပြကြ၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ဆွေးနွေးတင်ပြချက်အပေါ် လိုအပ်သည်များဖြည့်စွက် ပြောကြားကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)