ပူတာအိုခရိုင် လွှတ်တော်အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ

ပူတာအို   စက်တင်ဘာ   ၃

၂၀၂၀ပြည့်နှစ် နို၀င်ဘာ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ လွှတ်တော်အသီးသီးတွင် ပါ၀င်ယှဉ်ပြိုင်ရန် အမည်စာ ရင်းတင်သွင်းထားသည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏အမည်စာရင်းများကို ဩဂုတ်(၃၀)ရက်မှစတင်၍ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးတွင် အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ကပ်ထားကြေညာထားကြောင်း သိရသည်။

အဆိုပါ ပူတာအိုခရိုင် အမျိုးသားလွှတ်တော် တစ်နေရာအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး၊ ပြည်သူ့လွှတ်တော် ငါးနေရာအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း (၂၈)ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒ နယ်အမှတ်(၁)ငါးနေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း(၂၇)ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) ငါးနေရာအတွက် လွှတ်တော်ကိုယ်စား လှယ်လောင်း(၃၀)ဦး စုစုပေါင်း(၉၁)ဦးနှင့် ဗမာတိုင်းရင်း သားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ ရဝမ်တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း(၆)ဦး၊ ရှမ်းတိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ် လောင်း(၈)ဦး၊ လီဆူတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၈)ဦး တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း(၂၉)ဦးတို့၏ အမည်စာရင်းများကို ကပ်ထား ကြေညာထား ကြောင်းသိရသည်။

အဆိုပါ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ် လွှတ်တော်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ပုံစံ(၁၀)နှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် လောင်းအမည်စာရင်းများကို ပုံစံ(၁၀-က)ဖြင့် ကပ်ထားကြေညာခဲ့ပြီး ယင်းလွှတ်တော် အသီးသီးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ပူတာအိုခရိုင် အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်လည်း ကပ်ထားကြေညာ ခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်အတွင်း ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်  မြို့နယ်ငါးမြို့နယ်တွင် မဲရုံပေါင်း (၁၃၈)ရုံဖွင့်လှစ်ပြီး ဆန္ဒမဲပေးမည့်ပြည်သူ (၆၀,၀၀၀)ကျော်ခန့် ရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ် အိအိဖြိုးထံမှ သိရသည်။

ချန်းဖုန်ရမ်(ပူတာအို)