ဖားကန့် စက်တင်ဘာ ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ စက်တင်ဘာ ၂ ရက်နေ့က မြို့နယ်ကျန်းမာရေးဦးစီးဌာနက အမည်စာရင်းပေးပို့လာသည့် (၁၄)ဦးအနက် ကိုဗစ်-၁၉ ပိုးတွေ့လူနာ Case-788 နှင့် လေယာဉ်အတူစီးခဲ့သူ လေးဦးနှင့် ရန်ကုန်တိုင်းဒေသကြီး မှ ဖားကန့်ဒေသသို့ ဝင်လာသူ(၉)ဦးတို့အား ညတွင်းချင်း အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာ (Facility Quarantine) သို့ ပို့ဆောင်ထားရှိထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကျန်းမာရေးဌာနမှပေးပို့သည့် ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးထိုမှတဆင့် ဖားကန့်ဒေသသို့ ရောက်ရှိလာသူ (၁၀)ဦးရှိပြီး (၉)ဦးသာ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စင်တာသို့ ပို့ဆောင်ထားနိုင်ကြောင်း သိရသည်။
Case-788 နှင့် လေယာဉ်အတူစီးခဲ့သူ လေးဦးသည် မိသားစုတစ်စုတည်းဖြစ်ပြီး ဩဂုတ် ၂၀ ရက်နေ့က ရန်ကုန်မြို့၌ မိသားစုဝင်တစ်ဦးအား ဆေးဝါးကုသမှုခံယူအပြီး ရန်ကုန်-မြစ်ကြီးနား လေယာဉ်ခရီးစဉ်အား လိုက်ပါစီးနင်းခဲ့ပြီး ထိုမှတဆင့် စင်းလုံးငှားမော်တော်ယာဉ်ဖြင့် ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာ ရှိနေအိမ်သို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားမှတ်တမ်း များအရ သိရသည်။
Case-788 နှင့် လေယာဉ်အတူစီးခဲ့သူလေးဦးနှင့် လက်ရှိတစ်အိမ်တည်းအတူနေသူ ငါးဦးတို့အား လည်းကောင်း၊ ရခိုင်ပြည်နယ်မှတဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ရောက်ရှိခဲ့ပြီး ထိုမှတဆင့် ဖားကန့်ဒေသသို့ ဝင်ရောက်လာသူတို့နှင့် ၎င်းတို့၏ အတူနေမိသားစုများအား လည်းကောင်း၊ သက်ဆိုင်ရာ နေရာဒေသများမှ အသွားအလာကန့်သတ် စောင့်ကြည့် ရေးစင်တာ (Facility Quarantine)သို့ ပို့ဆောင်ထားပြီး ဖြစ်သည်။
လက်ရှိ ဖားကန့်မြို့နယ်၌ ပြည်ပမှပြန်လာသူများ၊ ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသူများ၊ ကျန်းမာရေးဌာနကပေးပို့သည့် ပိုးတွေ့လူနာနှင့်နီးကပ်ခဲ့သူများအား အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာ (၁၃)ခုတွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ(၅၉)ဦး ရှိနေကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)