ဟိုပုံး စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြန်မာ(GAP)အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကိုယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က မြန်မာ(GAP)အသိအမှတ်ပြု လက်မှတ်ရရှိသည့် ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ ဟဲလုံကျေးရွာ စပျစ်သီးစိုက်ပျိုးတောင်သူ ဦးလှမောင် ကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းက မြန်မာ(GAP)အသိအမှတ်ပြု လက်မှတ်ရရှိသည့် ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ ပုလဲတင့်ကျေးရွာ ပင်မှည့်စိုက်ပျိုး တောင်သူ ဦးထွန်း ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ထိုသို့(GAP)လက်မှတ်ပေးအပ်ရခြင်းမှာသီးနှံစိုက်ပျိုးတောင်သူများအနေဖြင့် စတင်စိုက်ပျိုး ထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ်ရောက်ရှိသည်အထိ ထုတ်လုပ်မှုကွင်းစက်တိုင်းတွင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် လိုက်နာရမည်နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်းများနှင့် စိုက်ပျိုးထားသည့် အတွက် စားသုံးသူများအားဘေးကင်းကြောင်း အာမခံနိုင်ရမည် ဖြစ်ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)