ရမ်းဗြဲမြို့နယ်၌ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကျင်းပ

ရမ်းဗြဲ မေ ၁၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ရမ်းဗြဲမြို့နယ် ဝန်ဖိုက်ဒီရေတော၊ ဝန်ဖိုက်သစ်တောကြိုးဝိုင်း အကွက်အမှတ်(၁)တွင် စိုက်ပျိုးခဲ့ကြပါသည်။

အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကို ရမ်းဗြဲမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ ဒီရေတောအတွင်းစိုက်ပျိုးခြင်းသည် ဝန်ဖိုက်သစ်တောကြိုးဝိုင်းသစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ ဒီရေရောက်သစ်တောအတွင်း သားငါးပုဇွန်များ ပြုန်းတီးပျက်စီမှုများမဖြစ်ပေါ်စေရေး၊ ဂေဟစနစ်များပျက်စီးမှုမရှိစေရန်နှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ကာကွယ်နိုင်ရေးတို့အတွက် ရည်ရွယ်လျက် စိုက်ပျိုးခြင်းဖြစ်သည်။

ထိုသို့ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် ရမ်းဗြဲမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ လှိုင်ခေါင်ကျေးရွာမှ ဒေသခံပြည်သူများတို့က ဝန်ဖိုက်ကြိုးဝိုင်းအတွင်းစိုက်ဧက (၁)ဧကတွင် ဗြူးခြေထောက်အဖိုပင် (၅၀၀)ပင်၊ ဗြူးခြေထောက်အမပင်(၅၀၀)ပင်နှင့် သမကြီးပင်(၂၀၀)ပင် စုစုပေါင်းပျိုးပင် (၁၂၀၀)ပင်ကို စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)