စဉ့်ကိုင် မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက “စာဖတ်ခြင်း ၏အကျိုးကျေးဇူး” ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ စာရေးဆရာရှေ့နေ ဦးဝင်းကြည်က စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားစေရန်၊ စာအုပ်စာပေမှ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/ကျောင်းသူများအနေ့ဖြင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း နွေရာသီကျောင်းပိတ် ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့်၊ ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များ ပိုမိုရရှိစေရေး၊ စာပေချစ်မြတ်နိုးသည့်စိတ်များဖြစ်ပေါ်ကာယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင် ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး အဆိုပါ ပြိုင်ပွဲများတွင်လည်း လာရောက်ပါ ဝင်ယှဉ်ပြိုင်နိုင်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒေါ်စန္ဒာအေးအောင်၊ ဒုတိယဦးစီးမှူးက ကလေးငယ်များအား စာအုပ်စာစောင် ဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ စာကြည့်တိုက်နှင့် ကျွမ်းဝင်မှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာစောင်များ ငှားရမ်းတတ်သည့် အလေ့အကျင့်ရှိစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အေးအေးမိုး