ကျောက်ဆည် မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၁)အခြခံပညာကျောင်းတွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား/ကျောင်းသူများအား မူလတန်းသင်ရိုးသစ်ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက် သင်ရိုးသစ် (Grade-5) ဆင့်ပွားသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ကြီးကြပ်(၆)ဦး၊ ရုံးအဖွဲ့(၅)ဦး၊ သင်တန်းမှူး(၁)ဦး၊ သင်တန်းနည်းပြ(၆၂)ဦးမှ သင်တန်းသား/သင်တန်းသူ၊ ဆရာ/ဆရာမ(၉၉၁)ဦးအား သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ မတ်(၁၀)ရက်မှမတ်(၁၃)ရက်နေ့အထိ (၄)ရက်ကြာမြင့်မည် ဖြစ်ကြောင်းနှင့် ပထမနေ့တွင် မြန်မာစာဘာသာရပ်၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်နှင့်ကာယပညာ၊ တတိယနေ့တွင် သင်္ချာဘာသာရပ်နှင့်သမိုင်းဘာသာရပ်၊ စတုတ္ထနေ့တွင် သိပ္ပံဘာသာရပ်နှင့် ပထဝီဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် မူလတန်းကျောင်း-ခွဲ(၁)ကျောင်း၊ မူလတန်းကျောင်း(၁၂၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၆)ကျောင်း၊ အလယ်တန်း(၈)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၂)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ(၉)ကျောင်း၊ အထက်တန်းကျောင်း(၁၁)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း(၁)ကျောင်းနှင့် အထက်တန်းကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း(၁၁)ကျောင်း၊ မူလတန်းလွန်ကျောင်း(၆)ကျောင်းနှင့် အလယ်တန်းကျောင်း(၁)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်မောင်