ရမည်းသင်း မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြီးမှူး၍ နွေရာသီအားလပ်ရက်၌ အချိန်ကိုအကျိုးရှိစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် (အခမဲ့) အခြေခံပန်းချီဆွဲနည်းသင်တန်းဆင်းပွဲကို မေလ ၈ ရက်နေ့ ညနေ ၄ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချစေတတ်စေရန် ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်းကို ရှင်းလင်းပြောကြားပြီး မော်ဒယ်ပန်းချီဆွဲပြိုင်ပွဲ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ကာ သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုလက်ဆောင် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက သင်တန်းအတွက် အလှူရှင်း(ပြည်ချစ်နဂါးကုမ္ပဏီ) ဦးဘိုလေးချစ်+ဒေါ်ခင်ဌေးညို အ-မ-က(ဆည်ကြီး)ကျောင်းအုပ်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းနည်းပြပန်းချီဆရာ ဦးအောင်စိုးနှင့်အောင်မင်းတို့ကို အမှတ်တရဂုဏ်ပြုလက်ဆောင်ပစ္စည်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)