ပုဏ္ဏားကျွန်း မေ ၁၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင်(၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ Grade-5 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပုဏ္ဏားကျွန်း(အထက) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကျော်ဟန်က တိုးတက်ပြောင်းလဲလာသော ပညာရေးစနစ်နှင့်အညီ အခြေခံပညာ မူလတန်းပညာရပ်သည် အဓိကကျပါကြောင်း၊ ဆရာ၊ ဆရာမတို့အနေဖြင့် Grade-5 (သင်ရိုးသစ်) သင်ရိုးညွှန်းတမ်းများကို နည်းစနစ်တကျ သင်ကြား၊ သင်ယူကြပါရန် လမ်းညွှန်မှာကြားခဲ့ပြီး၊ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးထွန်းအေးကျော်က သင်တန်းနည်းပြများနှင့် သင်တန်းသား ဆရာ၊ ဆရာမတို့အား သင်တန်း၏ စည်းမျဉ်း၊ စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ဆရာ၊ ဆရာမ(၉၄၅)ဦး၊ တက်ရောက်ကြပြီး၊ သင်တန်းနည်းပြဆရာ၊ ဆရာမ (၆၅)ဦး တို့က Grade-5 (သင်ရိုးသစ်) သင်ရိုးညွှန်းတမ်းအတိုင်း ပုဏ္ဏားကျွန်း(အထက)နှင့် အထက-ခွဲ (မြို့မ)ကျောင်းတို့၌ (၄)ရက်ကြာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)