“မူဆယ်မြို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်”

မူဆယ် မေ  ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့  နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မူဆယ်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားရာတွင် “သင်တန်းသူများအနေနဲ့ သင်ကြားပေးသမျှကို ကြိုးစားသင်ယူပြီး ကိုယ်ပိုင်အလုပ်အကိုင်ရရှိအောင် လေ့လာမှတ်သားကြပါ Covid-19 ရောဂါ ကြောင့် အဘက်ဘက်မှ  ခက်ခဲနေချိန်ကာလမှာ ဒီသင်တန်းကိုအခမဲ့ သင်ကြားပေးတဲ့အပြင် နေထိုင်ရေး၊ စားသောက်ရေးနဲ့ သင်တန်းသုံးပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးမှုကို ကျေးဇူးတင်သောအားဖြင့် မိမိအိမ်၊ ရပ်ရွာအကျိုး၊ ဒေသအကျိုးကို ထမ်းဆောင်နိုင်သော ထူးချွန်သူ အမျိုးသမီးကောင်း လေးများဖြစ်အောင် အစွမ်းကုန်ကြိုးစားကြပါရန်” စသည့်သင်တန်းနှင့် ပက်သက်သည့် အကြောင်း အရာများပြောကြားသည်။ ဆက်လက်ပြီး အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နန်းစောရင်က “နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်အရ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကို မူဆယ်မြို့မှာ ၂၀၀၀ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး  ယခုအခါ နမ့်ခမ်းမြို့နယ်မှ ၁၆ ဦး၊ ကွတ်ခိုင်မြို့နယ်မှ ၅ ဦး၊ မူဆယ်မြို့နယ် မှ ၉ ဦး စုစုပေါင်းသင်တန်းသူ ၃၀ ဦး ဖြစ်ပြီး ရှမ်း၊ ကချင်၊ ဗမာ၊ ပလောင်၊ လီဆူ၊ လားဟူ တိုင်းရင်းသားများ တက်ရောက်ပါကြောင်း သင်တန်းကာလကတော့ (၂၂)ပတ်ဖြစ်ပြီး  သင်တန်းဆင်းပြီးသူများကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ဒေသရှိ စက်ချုပ်လုပ်ငန်းရှင်များနှင့် ချိတ်ဆက် ၍ ဝင်ငွေရရှိစေရန် လုပ်ငန်းခွင်အတွင်း ဝင်ရောက်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသူလေးများကိုအိမ်တွင်းမှု သက်မွေးပညာရပ်များ သင်ကြားပေးရန်ဟူသော  ရည်ရွယ် ချက်အတိုင်း စေတနာ၊ ဝါသနာနှင့်အတူ ကြိုးကြိုးစားစား သင်ယူကြပါရန်” စသည့်အကြောင်းအရာများ ပြောကြားသည်။

ယင်းနောက်  မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တက်ရောက်လာသူများက သင်တန်းသူများကို တစ်ဦးချင်းလိုက်လံနှုတ်ဆက်ပြီး  ယခင်အပတ်စဉ်များက သင်တန်းသူများ ချုပ်လုပ်ထားသည့် ရိုးရာဝတ်စုံများအားလိုက်လံကြည့်ရှုကြောင်း သိရှိရသည်။

ချယ်ရီမြေ(မူဆယ်)