နေပြည်တော် မေ ၉
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်)၊ တိုင်းအဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ခရိုင်အဆင့်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးနှင့် ခရိုင်/မြို့နယ်တို့မှ ပညာရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းမတိုင်မီ အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်) ဗဟိုနည်းပြသင်တန်းနှင့် Grade-11 (သင်ရိုးသစ်) နည်းပြသင်တန်းတို့ကို နေပြည်တော်တွင် အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ဆရာ/ဆရာမများ၏ အခန်းကဏ္ဍသည့် အဓိကသော့ချက် အကျဆုံးနေရာတွင် ပါဝင်နေကြောင်း၊ ပြောင်းလဲလာသည့်ခေတ်နှင့်အညီ စိန်ခေါ်မှုအမျိုးမျိုးနှင့် ကြုံတွေ့နေရသည့် မျက်မှောက်ကာလတွင် ကျောင်းသား၊ ကျောင်းသူများကို ထိန်းကျောင်းပေးရသည့် ဆရာ၊ ဆရာမတို့၏ အားစိုက်ထုတ်ရမှုများသည်လည်း ပိုပြီးတာဝန်များပြားလာသည်ကိုတွေ့ရကြောင်း၊ ကျောင်းသား/ကျောင်းသူများသည် ဆရာ့ထံမှ လေ့လာသင်ယူဆည်းပူးပြီး သင်ယူတတ်မြောက်နိုင်သည့် အခွင့်အလမ်းများကို နည်းစနစ်မှန်မှန်ကန်ကန်ဖြင့် ပြည်လည်အသုံးချနိုင်မည်ဖြစ်ကြောင်း၊ သင်ယူတတ်မြောက်မှုကောင်းမွန်ရေးအတွက် ဆရာတို့၏ အရည်အသွေးသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ ပညာရေးဆိုသည်မှာ မွေးဖွားချိန်မှ အစပြုကာ ဘဝတစ်လျှောက်လုံးစဉ်ဆက်မပြတ် သင်ယူရမည့်အရာဖြစ်ပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရင်းအနှီးလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာ/ဆရာမတို့ကို ယခုကဲ့သို့ နည်းပြသင်တန်းများပေး၍ မိမိတို့မြို့နယ်သို့ ရောက်ရှိပါက အခြားဆရာ/ဆရာမများကို မျှဝေပေးပြီး သင်ကြားရေးတွင် ပိုမိုမြင့်မားသော ဆရာ/ဆရာမ များဖြစ်လာရန် ကြိုးပမ်းသွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးမှ သင်တန်းဖွင့်လှစ်ရခြင်း၊ သင်တန်းစည်းမျဉ်း/စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် သင်တန်းသားဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
အဆိုပါ အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်)၊ တိုင်းအဆင့် နည်းပြသင်တန်းသို့ သင်တန်းသား/သင်တန်းသူ၊ ဆရာ/ဆရာမ (၃၃၀) ဦး တက်ရောက်ကြပြီး နည်းပြအဆင့် ဆရာ/ဆရာမ (၂၇) ဦးတို့က မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီဝင်၊ သိပ္ပံ၊ သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာ ဘာသာရပ်တို့အား မေ (၁၁) ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)