စံ(၅)ရပ်ညီစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး ရပ်စောက်မြို့နယ်၌ ကွင်းဆင်းဆောင်ရွက်

ရပ်စောက် မေ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်အတွင်းရှိ စံ(၅)ရပ်ညီ စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းနှင့် ဝန်ထမ်းများက ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ရတနာပုံ (အရှေ့)ကျေးရွာရှိ အလင်းရောင်စာကြည့်တိုက်၊ ပင်ဖြစ်ကျေးရွာရှိ အလင်းရောင် စာကြည့်တိုက်၊ ထီးခမ်းကျေးရွာရှိ ရောင်နီဦးစာကြည့်တိုက်နှင့် ကောင်းဘို့ကျေးရွာအုပ်စု၊ ကောင်းဘို့ကျေးရွာရှိ ကျေးလက်ရှေ့ဆောင်စာကြည့်တိုက်များသို့ ကွင်းဆင်း၍ စံ(၅)ရပ် ညီစာကြည့်တိုက်များ ရှင်သန်ဖွင့်လှစ်နိုင်ရေး၊ စာဖတ်စာငှားသူများ တိုးပွားလာစေရေး၊ စာအုပ်စာစောင်များ ပျောက်ဆုံးပျက်စီးမှုမရှိစေရေး၊ သုတ၊ ရသစာအုပ်များနှင့် ကလေးစာပေများ တိုးပွားလာစေရေး၊ စာကြည့်တိုက်ဆိုင်းဘုတ်များ ပြန်လည်ပြုပြင်နိုင်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ သန့်ရှင်းသာယာလှပရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာစာကြည့်တိုက်မှူးများ၊ ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၂၉)အုပ်စု၊ ကျေးရွာပေါင်း (၂၃၁)ရွာရှိပြီး စံ(၅)ရပ်ညီစာကြည့်တိုက် (၈)တိုက်ရှိကြောင်းနှင့် စာကြည့်တိုက်များရှင်သန်ခိုင်မာရေး အတွက် ကျန်ရှိနေသည့် စံ(၅)ရပ်ညီစာကြည့်တိုက်များအား ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)