ကျောက်ဖြူ မေ ၁၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ပညာရေးဌာန ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သဘာပတိဖြစ်သည့် မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက ကျောက်ဖြူမြို့နယ် ပညာရေးဌာန၏ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်ကို ၁၉၅၅ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့တွင် ခရိုင်ပညာဝန် ဦးအောင်ကျော်ဇံက အသင်းသား(၃၀၀)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ယခုဆိုလျှင် အသင်း၏သက်တမ်းမှာ (၆၇)နှစ်အထိ ရှိပြီဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အသင်းသား(၁၆၄၇)ဦး ရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြို့နယ်ပြောင်းများ၊ ပင်စင်စားများရှိသဖြင့် အသင်းသား(၁၆၃၆)ဦးသာ ကျန်ရှိပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း သင်းလုံးကျွတ် အစည်းအဝေးကို မပျက်မကွက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ငါးနှစ်တစ်ကြိမ် ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းရန်လည်း စီစဉ်ဆောင်ရွက် ထားရှိပါကြောင်းနှင့် အသင်း၏ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် အသင်းသားများအနေဖြင့် အဆိုပြုချက်များအား အကြံပြုပေးစေလိုပါကြောင်း အစရှိသည့် ငွေစုငွေချေးအသင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ကျောက်ဖြူခရိုင် ပညာရေးမှူး ဒေါ်ညွန့်ညွန့်အေးက အသင်း၏ သာရေး၊ နာရေး ကိစ္စရပ်များနှင့် အသင်းတိုးတက်ရာ တိုးတက်ကြောင်း ကိစ္စရပ်များကို လမ်းညွှန်မှာကြားပြီး မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်းက ငွေစုငွေချေး သမဝါယမအသင်း၏ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး အသင်းအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဝင်းလွင်က ဒါရိုက်တာအဖွဲ့အစီရင်ခံစာ လက်ကျန်ရှင်းတမ်း အမြတ်ခွဲဝေစာရင်းအား ဖတ်ကြားတင်သွင်းပြီး၊ အသင်းသားစာရင်းစစ် ဦးမောင်ထွန်းချေက စာရင်းစစ်အစီရင်ခံစာအား ဖတ်ကြားတင်သွင်းခဲ့ရာ အသင်းသားများက ပြန်လည်၍ အကြံပြု ဆွေးနွေးခဲ့ကြသည်။ ထို့နောက် သဘာပတိမှ အဆိုပါအသင်း၏ ငွေစာရင်းရှင်းတမ်းများနှင့် စာရင်းစစ် အစီရင်ခံစာတို့အား အတည်ပြုဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း