ကျောက်တော်မြို့ သရက်တပင်ကျေးရွာအုပ်စု မဟာမြတ်မုနိ တိုက်ပွဲရှောင်စခန်းမှ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ကျောက်တော်  မေ  ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊ သရက်တပင်ကျေးရွာအုပ်စု မဟာမြတ်မုနိဘုရား တိုက်ပွဲရှောင် စခန်း၌  ယမန်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့မှ မီးဘေးသင့်ပြည်သူများအား ထောက်ပံပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်စုစုပေါင်း (၂၆၂)လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး  မီးဘေးဒုက္ခသည် ကျား (၅၀၂)ဦး၊ မ(၅၇၁)ဦး၊ စုစုပေါင်း (၁၀၇၃)ဦးတို့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လူတစ်ဦးအား တစ်ရက်လျှင် ဆန်(၂)ဘူး နှုန်းဖြင့် တစ်ပတ်လျှင် ဆန်ရိက္ခာ (၇၅)အိတ် (၈)ပြည်၊ အိမ်ထောင်စု တစ်စုလျှင် ဆီ(၁)ပိဿာနှုန်းဖြင့် (၂၆၂)ပိဿာ၊  ဆား (၅၀)ကျပ်သားနှုန်းဖြင့် ဆား(၁၃၁)ပိဿာ၊ ငါးပိ (၂၅)ကျပ်သားနှုန်းဖြင့် (၆၅.၅)ပိဿာနှင့် ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ အိမ်ထောင်စုတစ်စုလျှင် ပစ္စည်း (၁၃)မျိုးပါ Family Kit (၁)ပုံးနှုန်းဖြင့် အိမ်ထောင်စု (၂၆၂)စုအတွက် Family Kit (၂၆၂) ပုံး၊ တာပေါ်လင် (၆ ပေ× ၁၈ ပေ) တစ်စနှုန်းဖြင့် အိမ်ထောင်စု (၂၆၂)တို့အတွက် တာပေါ်လင်စ (၂၆၂)စတို့အား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က မီးဘေးသင့် ပြည်သူများအား ထောက်ပံပေးအပ်ခဲ့သည်။

ထိုသို့ မီးဘေးသင့်ပြည်သူများအား ထောက်ပံပစ္စည်းများပေးအပ်ခြင်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ကျောက်တော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သရက်တပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် မီးဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း၊ ကျောက်တော်(ပြန်/ဆက်)