ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ကျေးလက်သေဒဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြို့နယ်အတွင်း Cash For Work စီမံကိန်းအကောင်အထည်ဖေါ် ဆောင်ရွက်မည့် ကျေးရွာရွေးချယ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမတွင် ကျင်းပကြရာ ရွေးချယ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ Cash For Work စီမံကိန်းအကောင်အထည်ဖေါ် ဆောင်ရွက်မည့် ကျေးရွာရွေးချယ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားသည်၊ ယင်းနောက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမှ Cash For Work စီမံကိန်း ကျေးရွာရွေးချယ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်တွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်ရန်ကျေးရွာ ၂၃ ရွာ လျာထား ထားရှိခဲ့ပြီး ရမ်းဗြဲမြို့နယ်တွင် ကျေးရွာ ၄ ရွာဆောင်ရွက်ရန် ပါရှိသောကြောင့် ၎င်းကျေးရွာ ၄ ရွာကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်လျာထား ထားရှိခဲ့ရာ စီမံကိန်း၏ စံသတ်မှတ်ချက်များဖြစ်သည့် ဆင်းရဲနွမ်းပါးသောကျေးရွာ၊ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများနှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံများ ဆောင်ရွက်ပေးရန် လိုအပ်ချက်ရှိသည့် ကျေးရွာ၊ ကျေးရွာစီမံကိန်းဆောင်ရွက်ရန် စိတ်အားထက်သန်သော ကျေးရွာ၊ သဘာဝဘေးအန္တရာယ် သက်ရောက်မှုကြောင့် ထိခိုက်ခံစားရသာကျေးရွာ၊ အထူးစီမံကိန်း( ဥပမာ-Smart- Village) အကောင်အထည်ဖေါ် ဆောင်ရွက်ရမည့် ဧရိယာအတွင်း ပါဝင်သည့် ကျေးရွာ စသည့်အချက်များနှင့် အကြုံးဝင်သည့် ကျေးရွာ ၄ ရွာဖြစ်သည့် ခြုံညိုကျေးရွာ၊ မြို့ချိန်ကျေးရွာ၊ င/ညိုကိုင်းကျေးရွာနှင့် ပြင်ရှည်ကျေးရွာတို့ကို ရွေးချယ်ထားကြောင်းတို့ကို ရှင်းလင်းပြောပါသည်။
၎င်းနောက် တက်ရောက်လာကြသူများမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်မည့် ကျေးရွာ ၄ ရွာ ရွေးချယ်မှုအပေါ်တွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)