စဉ့်ကိုင်မြို့နယ်တွင် အသက်မွေးကြောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

စဉ့်ကိုင်   မေ ၉

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်တွင် အသက်မွေးကြောင်းအထောက်အကူပြု  အခြေခံစက်ချုပ်သင်တန်းကို ယနေ့နံနက် ၉ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဆက်လက်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာစန်းက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး  ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခြေခံစက်ချုပ်သင်တန်းကို သင်ကြားတတ်မြောက်ခြင်းအားဖြင့် မိမိနေအိမ်တွင် တစ်နိုင်တစ်ပိုင် စက်ချုပ်ဆိုင်ဖွင့်လှစ်ခြင်းဖြင့် မိသားစုအပိုဝင်ငွေတိုးတက်လာခြင်း၊  အလုပ်အကိုင်၊ အခွင့်အလမ်းများ  ရရှိနိုင်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် ၀င်ရောက်လုပ်ကိုင်နိုင်ခြင်း၊ နေအိမ်နှင့် အိုးမကွာအိမ်မကွာ ဆောင်ရွက်နိုင်သောကြောင့် မိသားစုအတွက် ပိုမိုအကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပြီး အဆိုပါ အသက်မွေး၀မ်းကြောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူ (၂၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ  တစ်လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)