မရမ်းကုန်း မေ ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်) ၌ စေတနာ့ဝန်ထမ်းမူးယစ် ကြီးကြပ်ရေးမှူးသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စွာက အဖွင့်အမှာစကားပြောကြားပြီး၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် ဖြစ်သည့်ပြန်လည် ထူထောင်ရေးခံယူပြီးသူများ ပတ်ဝန်းကျင်ကို ပြန်လည်ရောက်ရှိသည့်အခါ မူးယစ်ဆေးပြန်လည် မသုံးစွဲမိစေရေးလူထုနှင့် ပူးပေါင်းကြီးကြပ်သွားရန်နှင့် မူးယစ်ဆေးသုံးစွဲသူ ဦးရေ လျော့နည်းပပျောက်ရန်အစရှိသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ တာဝန် ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး (၉-၅-၂၀၂၂ ရက်နေ့မှ ၁၃-၅-၂၀၂၂) ရက်နေ့ထိ စုစုပေါင်း သင်တန်းကာလ (၅) ရက်တာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)