သထုံ မေ ၉
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရာသီအလိုက်ထွက်ရှိသည့် ဒူးရင်းသီးနှင့် မင်းဂွတ်သီးများ ယခုနှစ်အတွင်း အထွက်နှုန်း ကျသော်လည်း လက်ရှိအချိန် ပေါ်ဦးပေါ်ဖျား ကာလ၌ ဈေးကောင်းရရှိနေကြောင်း စိုက်ပျိုးသူများ၏ ပြောကြားချက်အရ သိရသည်။
ပြောင်းလဲလာသည့် ရာသီဥတု၊ သဘာဝအခြေအနေများကြောင့် ဒေသတွင်းမျိုးများဖြစ်သည့် ဒူးရင်းပင်၊ မင်းဂွတ်ပင်တို့မှာ အသီးအထွက် နှုန်းကျလာကြောင်း၊ ဒေသထွက် ဒူးရင်းသီးပင်ကြွေ အသီးများ၏ ဈေးနှုန်းမှာ အရွယ်အစား၊ အသီးရင့်မှန်မှု၊ အရသာအရည်အသွေးတို့အလိုက် တစ်လုံးလျှင် ကျပ်သုံးထောင်မှ တစ်သောင်းအထိ ဈေးပေါက်နေကြောင်း၊ မင်းဂွတ်သီးမှာလည်း အရွယ်အစားအလိုက် တစ်လုံးလျှင် အနည်းဆုံး ကျပ်တစ်ရာမှ သုံးရာအထိ ဈေးရရှိကြောင်း တောင်ကြားကျေးရွာမှ ဒူးရင်းခြံပိုင်ရှင် ခွန်အောင်ဟန်စိုး က ပြောသည်။
ဒေသထွက်ဒူးရင်း၊ မင်းဂွတ်တို့မှာ သဘာဝအတိုင်း စိုက်ပျိုးထားကြခြင်းကြောင့် အရသာ လတ်ဆတ်ကောင်းမွန်ရာ လူကြိုက်များကြောင်း ရာသီပေါ်စဖြစ်သောကြောင့် ခရီးသွားလာသူများ အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူမှုများကြောင်း သီးနှံများမှာ ခူးဆွတ်ပြီး ရက်ကြာသွား ပါက ပျက်စီးမှုရှိသောကြောင့် ဝယ်ယူသူများကြိုက်အောင် လတ်ဆတ်သည်များကို ဂရုစိုက် ဝယ်ယူ၍ ပြန်လည်ရောင်းချရကြောင်း ယခုအခါ သီးနှံများ ရှားပါးလာမှုကြောင့် ရပ်ဝေးသို့ တင်ပို့ရောင်းချနိူင်မှု နည်းပါးသွားကြောင်း သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးနံဘေးရှိ ဒေသထွက်သစ်သီးများ ရောင်းချနေကြသည့် အရောင်းဆိုင်တန်းများမှ သိရသည်။
ကိုကိုဦး(ပြန်/ဆက်)