တာမွေမြို့နယ်တွင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် အထူးအလေးထားဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် စဉ်ဆက် မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ကလည်း မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပစေရေး အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ (ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန)မှ ဝန်ထမ်းများက တာမွေမြို့နယ် ရှိ ကျိုက္ကဆံလမ်းတစ်လျှောက်တွင် ရပ်ကွက်နေပြည်သူများနှင့် လမ်းသွားလမ်းလာများမှ စွန့်ပစ်ထားသော မီးဖိုချောင်ထွက် အမှိုက်များနှင့် စွန့်ပစ်ပစ္စည်းများအား အမှိုက် သိမ်းယာဉ်များ၊ အမှိုက်သိမ်းတွန်းလှည်းငယ်များဖြင့် အမှိုက်များ စနစ်တကျ လိုက်လံ သိမ်းဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ပေးနေမှုအပေါ် ရပ်ကွက်နေ ပြည်သူတစ်ဦးဖြစ်သူ ဦးကျော်ဇေယျကလည်း " အခုလို မြို့နယ် စည်ပင်ဌာနက တာဝန်ရှိသူ တွေအနေနဲ့ မီးဖိုချောင်ထွက် အမှိုက်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို အမှိုက်သိမ်းယာဉ် များဖြင့် စနစ်တကျ လိုက်လံ သိမ်းဆည်းပေးတာဟာ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေးအတွက် သာမက ရပ်ကွက်နေပြည်သူများရဲ့ ကျန်းမာရေး အတွက်လည်း များစွာအထောက်အကူပြုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  ထိုစွန့်ပစ်အမှိုက်များမှ ထွက်ရှိလာတဲ့ အနံ့သက်ဆိုးတွေ ဟာ အဲဒီအနီးအနားမှာနေထိုင်ကြတဲ့ လူတွေရဲ့ အသက်ရှူလမ်းကြောင်းစနစ်ကို တိုက်ရိုက်ထိခိုက်စေနိုင်သလို ခြင်၊ ယင်ပေါက် ဖွားမှုကိုလည်း များစွာဖြစ်ပေါ်စေတဲ့ အပြင် အဆိုပါ ခြင်ယင်များကြောင့် အဲဒီအနီးအနားမှာ ရှိတဲ့ လူတွေမှာ ဝမ်ပျက်ဝမ်းလျော ရောဂါအပြင် အခြားသော ကူးစက်ရောဂါများလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း အမှိုက်များကို အလွယ် တကူ မစွန့်ပစ်ဘဲ အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသော နေရာများတွင်သာ စနစ်တကျစွန့်ပစ်ခြင်းဖြင့် မိမိတို့ ပတ်ဝန်း ကျင်ကို သန့်ရှင်းသာယာလှပအောင် ထိန်းသိမ်းကြပါစို့ " ဟု ပြောကြားသွားကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)