ကျောက်တော် မေ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ သရက်တပင်ကျေးရွာအုပ်စု မဟာမြတ်မုနိ ဘုရား တိုက်ပွဲရှောင်စခန်း၌ ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ တိုက်ပွဲရှောင်စခန်းရှိ နေအိမ်တစ်အိမ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာ နေရာသို့ မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဌေးမင်းနိုင် ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၁၅ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၂ ဦး မီးငြိမ်းသတ်ယာဉ် ၂ စီးဖြင့် သွားရောက်ပြီး မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၄၀ အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူနှင့် တိရိစ္ဆာန်များ အသေအပျောက်မရှိကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ဓနိမိုး ဝါးကာ ဝါးခင်း လူနေအိမ် စုစုပေါင်း (၂၆၂)လုံး မီးလောင် ဆုံးရှုံးခဲ့ရပြီး မီးဘေးဒုက္ခသည်များအား မဟာမြတ်မုနိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ခေတ္တနေရာချထားလျက်ရှိပြီး မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ကျောက်တော်မြို့၊ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း၊ ကျောက်တော်(ပြန်/ဆက်)