ငါန်းဇွန် မေ ၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ ရှင်ပင်မိုးကောင်းမြတ်စွာ ဘုရားဝင်းအတွင်းရှိ ရတနဃရသာသနဗိမာန်၌ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနရပတိနှင့် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပလျက်ရှိရာ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ပါဠိ ပထမပြန်စာမေးပွဲဖြေဆိုခြင်း တတိယနေ့ ဆက်လက်ဖြေဆိုကြောင်းသိရသည်။
တတိယနေ့ပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ သံဃာတော်များ၊ လူနှင့် သီလရှင်များ လာရောက်ဖြေဆိုကြရာ ပထမကြီးတန်း၌ စာရင်းရှိ(၈)၊ ဖြေဆို(၆)၊ ပျက်ကွက် (၂)၊ ပထမလတ်တန်း၌ စာရင်းရှိ(၇)၊ ဖြေဆို(၇)၊ ပထမငယ်တန်း၌ စာရင်းရှိ(၂၄)၊ ဖြေဆို(၂၃)၊ ပျက်ကွက်(၁)နှင့် အခြေပြုမူလတန်း၌ စာရင်းရှိ(၁၂)၊ ဖြေဆို(၇)၊ ပျက်ကွက်(၅) စုစုပေါင်းဖြေဆိုသူ သံဃာတော်(၃၉)ပါး၊ သီလရှင်(၁)ပါးနှင့် လူ(၃)ဦးတို့သည် အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ်ကို ဖြေဆိုကြကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မေ ၇ ရက်နေ့မှစ၍ မေ ၁၃ရက်နေ့အထိ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၃နာရီအထိ ဖြေဆိုသွားမည်ဖြစ်ပြီး ကြီးကြပ်ဆရာတော်ကြီးများ၊ ဖြေဆိုသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်း၊ ကွမ်းဖူလုံစေရေးနှင့် စာမေးပွဲဖြေဆိုရာတွင် လိုအပ်မှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံး ဦးစီးအရာရှိ ဦးလှသိန်းနှင့် ဝန်းထမ်းများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)