ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား ကျင်းပ

ကျောက်ဆည် မေ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ်လူငယ် အား ကစားသများပေါ်ထွက်လာစေရေးနှင့် ခရိုင်၊ တိုင်း၊ နိုင်ငံအတွက် ကိုယ်စားပြု ထူးချွန်သော အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ပြည်သူ့အားကစားကွင်း မိုးလုံ၊လေလုံခန်းမတွင် မေ(၉)ရက် နံနက်(၉)နာရီက ၂၀၂၂ ခုနှစ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲတွင် ကျောက်ဆည်မြို့နယ်ကိုယ်စားပြုအမျိုးသား(၃)ယောက်တွဲအသင်းနှင့် တံတားမြို့နယ် ကိုယ်စားပြုအမျိုးသား(၃)ယောက်တွဲအသင်းတို့ ယှဉ်ပြိုင်ကြရာ ကျောက်ဆည်မြို့နယ် ကိုယ်စားပြု အသင်းက (၂)ပွဲပြတ်ဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များက ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး မြို့နယ် ကိုယ်စားပြု (၃)ယောက်တွဲအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ပထမဆုတံခွန်စိုက်ဖလားရရှိသော ကျောက်ဆည် မြို့နယ်အသင်း၊ ဒုတိယဆုရရှိသော တံတားဦးမြို့နယ်အသင်း၊ (၃)ယောက်တွဲ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် ပထမဆုရရှိသော တံတားဦးမြို့နယ်အသင်း၊ ဒုတိယဆုရရှိသော ကျောက်ဆည်မြို့နယ်အသင်း၊ (၂)ယောက်တွဲအမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ပထမဆုရရှိသော ကျောက်ဆည်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသော တံတားဦးမြို့နယ်အသင်း၊ (၂)ယောက်တွဲ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ပထမဆုရရှိသည့် စဉ့်ကိုင်မြို့နယ်အသင်း၊ ဒုတိယဆုရရှိ သည့် ကျောက်ဆည်မြို့နယ်အသင်းတို့အား ဆုတံဆိပ်များ၊ ငွေသားဆုနှင့် တံခွန်စိုက်ဖလားများ အသီး သီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ကျောက်ဆည်၊ စဉ့်ကိုင်၊  မြစ်သား၊ တံတားဦး မြို့နယ်များမှ (၃) ယောက်တွဲ အမျိုးသားပိုက်ကျော်ခြင်းအသင်း (၈)သင်း၊ (၃)ယောက်တွဲ အမျိုးသမီးပိုက်ကျော်ခြင်း အသင်း (၄)သင်း၊ (၂)ယောက်တွဲ အမျိုးသားပိုက်ကျော်ခြင်းအသင်း (၄)သင်း၊ (၂)ယောက်တွဲ အမျိုး သမီးပိုက်ကျော်ခြင်း အသင်း(၄)သင်း တို့  ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သက်မောင်