မောင်တော မေ ၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်၉ နာရီအချိန် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရှေ့တန်းအမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်ထင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးပွားလာခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချ စေနိုင်ရေးစသည့် လုပ်ငန်းစဉ်များအတွက် အထောက်အကူပြုနိုင်စေရန်စသည့် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အမျိုးသမီး အိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကြည်မှ သင်တန်းမှ ပို့ချမည့် ဘာသာ ရပ်များနှင့် သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူ များက ခင်းကျင်းပြသထားသည့် နမူနာလက်ရာများနှင့် သင်ထောက်ကူ ပစ္စည်းများအား လှည့်လည် ကြည့်ရှု အားပေးကြသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူများမှာ ကျေးလက်နေဒေသခံ တိုင်းရင်းသူများဖြစ်ပြီး မောင်တော မြို့မှ ၁၄ ဦး၊ ဘူးသီးတောင်မြို့မှ ၂၁ ဦး စုစုပေါင်း အဆင့်မြင့်သင်တန်းသူ (၃၅)ဦး တက်ရောက် သင်ယူမည်ဖြစ်ရာ သင်တန်းကာလမှာ ၂၀၂၂ ခုနှစ်၊ မေ (၉)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၇)ရက်နေ့ထိ ကြာမြင့်မည်ဖြစ်သည်။ အခမ်းအနားသို့ ရှေ့တန်းအမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲမှူး ဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်ထင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အိမ်တွင်းမှုပညာသင်တန်းကျောင်းမှ ဆရာမများနှင့် သင်တန်းသူများနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)