ကျောက်ဆည် မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိလူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီတို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၁/၂၀၂၂)ဆင်းပွဲကို ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၄)နာရီက သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သင်တန်းတွင် သင်ယူတတ်မြောက်ခဲ့သော ပညာရပ်သည် အရေးကြုံခဲ့ပါက ကူညီ ကယ်ဆယ်ရာတွင် ထိရောက်မှုရှိသည့်အတွက် မိမိကိုယ်တိုင်နှင့် မိသားစုများ၊ ပတ်ဝန်းကျင်ရှိ ပြည်သူ များအားလက်တွေ့အသုံးချကာ ကူညီကြစေလိုကြောင်းနှင့် ရှေးဦးပြုစုခြင်းဖြင့် လူတစ်ဦးတစ်ယောက် ၏ အသက်ကို အမှန်တကယ် ကယ်ဆယ်နိုင်သည့်အတွက် သင်တန်းသား/သင်တန်းသူများအနေဖြင့် လက်တွေ့အသုံးချ ဆောင်ရွက်သွားကြစေလိုကြောင်း အမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် ပထမဆုရရှိခဲ့သည့် မသီရိသုန်သုန်၊ ဒုတိယဆုရရှိခဲ့သည့် မကျော့ရတီစံနှင့် တတိယဆုရရှိခဲ့ကြသည့် မနုနုခိုင်တို့အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက် ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်းအခြေခံ သဘော တရား၊ လူနာစမ်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးရိုစီးခြင်း အကြောင်းအရာ များကို လည်းကောင်း၊ အပူလောင်ခြင်းနှင့်အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း၊ သတိ လစ်ခြင်း၊ မူးမေ့ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုပ်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွှဲခြင်း၊ ကြွက်သားနှင့် အရိုးဆက်အကြောဒဏ်ရာများအကြောင်းနှင့်လူနာကိုင်တွယ်ခြင်း၊ သယ်ဆောင်နည်း များ၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းစသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်းနှင့် သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်း ကျေးရွာ(၁၁)ရွာမှ သင်တန်း သား သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင်