မိုးကောင်း မေ ၉
ကြက်ခြေနီ လူမှုကရုဏာကွန်ယက်ကို စတင်အုတ်မြစ်ချပေးခဲ့သူ ဟင်နရီဒူးနန့်အား ဂုဏ်ပြုသော အားဖြင့် မေ(၈)ရက်တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်ကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် “ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ် ကူညီသွား” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက် (၉)နာရီတွင် မိုးကောင်းမြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကြက်ခြေနီသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်ထံမှ ပေးပို့သော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်ကြက်ခြေနီအသင်းခွဲဒုဥက္ကဋ္ဌ ဦးဝင်းနိုင်မှ ဖတ်ကြားခဲ့သည်။
ယင်းနောက် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဘရန်ဒီးက ကမ္ဘာ့ ကြက်ခြေနီနေ့ အထိမ်းအမှတ် အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲနာယက၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ကျင်းပရခြင်းကိုလည်းကောင်း၊ ကြက်ခြေနီအကြောင်းသိကောင်းစရာများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းမှ လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်မှ ကျောင်းကြက်ခြေနီနှင့် ယနေ့လူငယ်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဒေါ်ဆွေမာသင်းမှ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ ဆောင်ရွက်ချက်များကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားကြသည်။
ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲသို့ အလှူငွေများ ပေးအပ်ရာတွင် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီး၊ ကချင်ပြည်နယ် ဆေးဝါးကုသရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဘွမ်ယော၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ နာယက ဦးခင်မောင်မြင့်၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲအမှုဆောင်အဖွဲ့ဝင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာစိုင်းထွန်း၊ မြို့နယ် ကြက်ခြေနီအသင်းခွဲအမှုဆောင်အဖွဲ့ဝင် မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လှစိုးမေတို့က အလှူငွေများ လက်ခံရယူပေးခဲ့ပြီး အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် (၁၅)နှစ်ပြည့် လှုပ်ရှား ဆောင်ရွက်ခဲ့သူ(၂၉)ဦးနှင့် (၃၀)နှစ်ပြည့် လှုပ်ရှားဆောင်ရွက်ခဲ့သူ(၂)ဦးတို့အား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံးချုပ်မှ ပေးပို့သော ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို တာဝန်ရှိသူတို့က ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် အမှုဆောင်အဖွဲ့ဝင်(၁၅)ဦး၊ တစ်မြို့နယ်လုံး တပ်ဖွဲ့ဝင် (၅၅၅)ဦးရှိသည့်အနက် လတ်တလောတွင် တပ်ဖွဲ့ဝင်(၂၂၀)ခန့်သည် ကာကွယ်ဆေး ထိုးနှံခြင်း၊ ဆေးလှူဒါန်းခြင်း၊ ခြေတုတပ်ဆင်ပေးခြင်း၊ မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ စစ်ရှောင် စခန်းတို့အား ငွေကြေးထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)