ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလံ နှစ်သိန်းကျော်လှူဒါန်းပြီးစီး

ညောင်ဦး  မေ  ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော မှန်တောကျေးရွာ၊ ဖြူထွားကျေးရွာနှင့် ကြို့ပင်သာကျေးရွာသို့ ယနေ့နံနက် ၈ နာရီအချိန်မှ စတင်ပြီး သောက်သုံး ရေဂါလံ(၄၈၀၀)သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူ တော်အသင်း အကျိုးဆောင်များထံမှ သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများ အတွက်ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ မှန်တောကျေးရွာသို့ ရေဂါလံ ၁၆၀၀၊ ဖြူထွားကျေးရွာအတွက် ရေဂါလံ၁၆၀၀၊ ကြို့ပင်သာကျေးရွာအတွက် ရေဂါလံ ၁၆၀၀လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ(၂၀၃၂၀၀)ဂါလံ ညောင်ဦးမြို့နယ် သောက်သုံးရေ လိုအပ်နေသောကျေးလက်နေ ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

ကြို့ပင်သာကျေးရွာတွင် အိမ်ထောင်စု (၁၀၀)စု၊ လူဦးရေ ၅၀၀ ခန့်၊ဖြူထွားကျေးရွာတွင် အိမ်ထောင်စု (၈၀)ကျော်နှင့် လူဦးရေ ၃၅၀ ဦးခန့်နှင့် မှန်တောကျေးရွာတွင် အိမ်ထောင်စု (၈၀) ခန့်နှင့်လူဦးရေ (၃၀၀)ဦးခန့်နေထိုင်ကြောင်းလည်း သိရသည်။

ကိုထိန်၊KPD