မအီမြို့တွင် သက္ကျမာရ်အောင်စွယ်တော်မြတ်စေတီတော် ထီးတော်တင်ပူဇော်ပွဲကျင်းပ

မအီ မေ ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရ ဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သား သမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့အဝင် သံကြိုးတောင်၊ ပေါက်တူးပေါက်ဝ၊ စံကောပြင်ကွင်းအရပ်၌ တည်ထားကိုးကွယ်သည့် မာရ်ငါးပါးစေတီတော်များအနက်မှ သက္ကျမာရ်အောင်စွယ်တော်မြတ် စေတီတော်မြတ် ထီးတော်တင်ပူဇော်ပွဲကို ယမန်နေ့နံက်ပိုင်းက ကျင်းပပြု လုပ်ခဲ့သည်။

ထိုသို့ ထီးတော်တင်ပူဇော်ပွဲမှာ မာရ်ငါးပါးစေတီတော်များ ထီးတော်တင်ပူဇော်ပွဲနှင့် မြောက်ဦး အထူးတရားပွဲများကို (၈)ညတိုင်တိုင် ကျင်းပ သွားမည်ဖြစ်ကြောင်းတို့ကို "မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ " facebook pageနှင့် နီးစပ်ရာမြို့နယ်များတွင် ဗီနိုင်းကြော်ငြာများ စိုက်ထူ၍ ဓမ္မမိတ်ဆွေအသီးသီးသို့ အသိပေးဖိတ်ခေါ်ထားခြင်းမျာမှ ယနေ့ကဆုန်လဆန်း(၉)ရက်နေ့တွင် ဒုတိယနေ့အနေဖြင့် ထီးတော်တင် ပူဇော်ခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါထီးတော်တင် ပူဇော်ပွဲသို့ မြောက်ဦးဆရာတော်ဘုရားကြီးကိုယ်တော်တိုင် တက်ရောက်ပူဇော်ခဲ့ပြီး ပင့်ဖိတ်ထားသည့် သံဃာတော်များ၊ မအီမြို့ပေါ်ပြည်သူများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ရဟန်းရှင် လူပြည်သူများ စည်ကားသိုက်မြိုက်စွာ ရောက်ရှိခဲ့ကြပြီး မနက်ဖြန် ကဆုန်လဆန်း (၁၀)ရက်၊ (၉-၅-၂၀၂၂)ရက်နေ့တွင် မာရ်ငါးပါးစေတီတော်များအနက်မှ ဇိနမာရ်အောင် စွယ်တော် မြတ်စေတီတော်ကို ထီးတော်တင်ပူဇော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)