ပြည်ထောင်စုဝန်ကြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် မကြာမီထုတ်လွှင့်ပြသမည့် (၃၈)ဖြာ မင်္ဂလာအစီအစဉ်အား ကြိုတင် ကြည့်ရှုအားပေး

ရန်ကုန် မေ ၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံနှင့် ရုပ်မြင့်သံကြားရှိ စတူဒီယို(A)တွင် ကျင်းပပြုလုပ်သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ မကြာမီ ထုတ်လွှင့်ပြသမည့် (၃၈)ဖြာ မင်္ဂလာအစီအစဉ်အား ကြိုတင် ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တက်ရောက်လာကြသူများသည် (၃၈)ဖြာမင်္ဂလာအစီအစဉ် ရိုက်ကူးရာတွင် အသုံးပြုသည့် ဆက်တင်ပစ္စည်းများနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတတို့မှ ပညာရှင်များ၏ ရုပ်ပုံလွှာများ ပြသထားမှုများကို ကြည့်ရှု အားပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ရုပ်ရှင်၊ သဘင်၊ ဂီတ တို့မှ ပညာရှင်များ၊  အနုပညာရှင်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ယင်းနောက် သဘင်ပညာရှင် ဦးနန်းဝင်းက (၃၈)ဖြာ မင်္ဂလာအစီအစဉ် ရိုက်ကူးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တက်ရောက်လာကြသူများက (၃၈)ဖြာ မင်္ဂလာအစီအစဉ်အနက် အသေ ဝနာစဗာလနံ၊ ပတိရူပ ဒေသဝါ သောစနှင့်  ဗြဟ္ဇာစရိယဉ္စ အစီအစဉ်များကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် (၃၈)ဖြာ မင်္ဂလာအစီအစဉ်နှင့် စပ်လျဉ်း၍ စီစဉ်တင်ပြသူ သဘင် ပညာရှင် ဦးနန်းဝင်းနှင့် အဖွဲ့အား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရေးနှင့် အသိပညာဗဟုသုတတိုးပွား စေရေးအတွက် ရည်ရွယ်၍ (၃၈)ဖြာ မင်္ဂလာအစီအစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အခြေခံကျောင်းသား ကျောင်းသူများဖြင့် ရိုက်ကူးတင်ဆက် မှုများကို ၁၉၉၀ပြည့်လွန်နှစ်များတွင်လည်း ဆောင်ရွက်ခဲ့ဖူးပြီး ယခုအခါ (၃၈)ဖြာမင်္ဂလာအစီအစဉ်များကို သဘင်ပညာရှင်များ၊ အနုပညာရှင်များဖြင့် ဖျော်ဖြေရေးအစီအစဉ်ကောင်းတစ်ခုအဖြစ် ဆန်းသစ်ရိုက်ကူး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ အစီအစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် မကြာမီတင် ဆက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အောင်မြင့်