နွေကာလ ဒေသတွင်းပြုလုပ်သည့် ဝါးယပ်တောင်များ ရောင်းအားကောင်းလာ

မန္တလေး မေ

မန္တလေးမြို့ပေါ်တွင် နွေရာသီကာလအတွင်း ဝါးဖြင့်ပြုလုပ်သော ယပ်တောင်များကို မှာယူရောင်းချရာမှ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

"ဝါးယပ်တောင်နဲ့ ဝါးယပ်တောင်ထည့်ဖို့ ဝါးခြင်းတောင်းလေးတွေကို တစ်ဆင့်မှာယူပြီး ဆိုင်မှာ၊ လမ်းမှာ တစ်နိုင်တစ်ပိုင် လိုက်လံရောင်းချပါတယ်။ မနေ့က အတော်လေး ရောင်းရပါတယ်။ ဝါးဈေးကတက်တော့ ယပ်တောင်ဈေးတက်ပါတယ်။ ဝါးလက်ကိုင် ယပ်တောင်တစ်ချောင်းကို ကျပ်သုံးရာနှုန်း၊ နှီးနဲ့လက်ကိုင် ယပ်တောင်တစ်ချောင်းကို အရွယ်အစားအလိုက် ကျပ်သုံးရာ၊ လေးရာ၊ ငါးရာ စသည်ဖြင့် ရောင်းပေးပါတယ်။ ပလပ်စတစ်ယပ်တောင်တွေ ဝင်လာပေမဲ့ ဝါးယပ်တောင်က လေပိုရတယ်လို့ ယူဆပြီး ရောင်းအားကျမသွားဘူး" ဝါးယပ်တောင် ရောင်းသူ တစ်ဦးက ပြောပါသည်။

မန္တလေးမြို့ အနီးတဝိုက် ဝါးယပ်တောင်လုပ်ငန်းများကို  ယခုအခါ ဝါးရှားပါးမှုကြောင့် ယခင် ကလောက် လုပ်ငန်းသွက်လက်ခြင်း မရှိပဲ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းအဖြစ်သာ လုပ်ကိုင်ကြကြောင်းနှင့် တစ်ဆင့်ပြန်လည်ရောင်းချမှုသာ များပြားကြောင်း သိရသည်။

မန္တလေးခရိုင် (ပြန်ဆက်)