တာမွေမြို့နယ်တွင် ၂၀၂၂-ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

တာမွေ     မေ     ၈

ရန်ကုန်တိုင်းဒေသကြီး ရန်ကန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲမှ စီစဉ်ကျင်းပသော ၂၀၂၂-ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း အချိန်က တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်မျိုးဦးက “ယနေ့ဟာဆိုရင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အသင်းကြီးက သတ်မှတ်ထားတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ (၇၄)နှစ်မြောက် ကြက်ခြေနီနေ့လည်း ဖြစ်ပါကြောင်း၊ နှစ်စဉ် ဒီနေ့ဒီရက်မှာ ကြက်ခြေနီ လခြမ်းနီ အသင်းများ တည်ရှိရာ နိုင်ငံများအလိုက် အသွင်အမျိုးမျိုးဖြင့် နှစ်တစ်နှစ်ရဲ့ အဓိကကျတဲ့ ကြက်ခြေနီလှုပ်ရှားမှုနေ့ရက်အဖြစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပပြုလုပ် လျက်ရှိပါကြောင်း၊ တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲအနေနဲ့ ယနေ့လို ထူးခြားလှတဲ့ ကမ္ဘာ့ကြက်ခြေနီနေ့မှာ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲကိုလည်း ထည့်သွင်း ကျင်းပထား ပါကြောင်း၊ ဒါ့အပြင် တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲအနေနဲ့ မြို့နယ် အတွင်းမှာ လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သင်တန်းများ အကြိမ်ကြိမ် ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နောက်ထပ်လည်း အခုလာမည့် မေလ(၁၁)ရက်နေ့မှ မေလ(၁၃)ရက် နေ့အထိ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး သင်တန်းများ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျွန်တော်တို့ မြို့နယ်ကြက်ခြေနီ အသင်းခွဲနှင့် ပူးပေါင်းပြီး စွမ်းစွမ်းမံမံ ဆောင်ရွက်ခဲ့ကြတဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖတွေနဲ့ လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့ဝင်တွေကို ကျွန်တော် အနေနဲ့ ကျေးဇူးအထူးတင်ရှိပါကြောင်း ” စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက် ၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်မှ ၂၀၂၂-ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား တာမွေမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးရဲမြတ်စိုးက ဖတ်ကြားခဲ့သည်။ ထို့နောက် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စီစဉ်ဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်းသင်တန်းတွင် ထူးချွန်ဆု ရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခြင်းနှင့် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြပြီး တက်ရောက် လာကြသူများနှင့် အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

ယနေ့ ၂၀၂၂-ခုနှစ် မေလ(၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ဟာဆိုရင် ကြက်ခြေနီ လူမှုဂရုဏာကွန်ယက်ကို စတင်အုတ်မြစ်ချပေးခဲ့သူ ဟင်နရီဒူးနန့်ကို ဂုဏ်ပြုသည့် အနေဖြင့် ၎င်း၏မွေးနေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် ၁၉၄၈-ခုနှစ်မှ စတင်၍ သတ်မှတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၄)နှစ်တိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့ ကြက်ခြေနီ လခြမ်းနီအသင်းများကလည်း နှစ်စဉ် ကမ္ဘာ့ကြက်ခြေနီနေ့ရောက်တိုင်း နိုင်ငံများအလိုက် အထိမ်းအမှတ် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်