မအီမြို့တွင် ရတနာ့မာရ်အောင်ဆံတော်ရှင်စေတီတော် ထီးတော်တင်ပူဇော်ပွဲကျင်းပ

မအီ မေ ၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဝနဝါသီအရှင်ဝါယာမိန္ဒ (အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် မြောက်ဦးဆရာတော် ဘုရားကြီး မှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့၊ အမှတ်(၃)ရပ်ကွက်၊ စံကားတောင်ကွင်း၌ တည်ထားကိုးကွယ်သည့် ရတနာ့မာရ်အောင်ဆံတော်ရှင်စေတီတော်မြတ် ထီးတော်တင်ပူဇော်ပွဲကို ယနေ့နံက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုသို့ ထီးတော်တင်ပူဇော်ပွဲမှာ မာရ်ငါးပါးစေတီတော်များ ထီးတော်တင်ပူဇော်ပွဲနှင့် မြောက်ဦးအထူးတရားပွဲများကို (၈)ညတိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်းတို့ကို "မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ " facebook page နှင့် နီးစပ်ရာမြို့နယ်များတွင် ဗီနိုင်းကြော်ငြာများစိုက်ထူ၍ ဓမ္မမိတ်ဆွေအသီးသီးသို့ အသိပေးဖိတ်ခေါ်ထားခြင်းမှ ယနေ့ကဆုန်လဆန်း(၈)ရက်နေ့တွင် ပထမ နေ့ အနေဖြင့် ထီးတော်တင်ပူဇော်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါထီးတော်တင် ပူဇော်ပွဲသို့ မြောက်ဦးဆရာတော်ဘုရားကြီးမှ တက်ရောက်ပူဇော်ခဲ့ပြီး ပင့်ဖိတ်ထားသည့် သံဃာတော်များ၊ မအီမြို့ပေါ်ပြည်သူများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ရဟန်းရှင်လူပြည်သူများက စည်ကားသိုက်မြိုက်စွာ ရောက်ရှိခဲ့ကြပြီး မနက်ဖြန် ကဆုန် လဆန်း(၉)ရက်နေ့တွင် မာရ်ငါးပါးစေတီတော်များအနက်မှ သက္ကျမာရ်အောင် စွယ်တော်မြတ် စေတီတော်ကို ထီးတော်တင်ပူဇော်မည်ဖြစ်ကြောင်းသိရသည်။

မောင်မောင်ဌေး