ရန်ကုန် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှ တစ်ဆင့် စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ကူးသန်း သွားလာ နေကြသော ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ အနယ်နယ်အရပ်ရပ်က ခရီးသွား မိဘပြည်သူများကို နှာခေါင်းစည်း တပ်ဆင်ရေး အတွက် လတ်တလော အသက်ရှု လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီမှ ယနေ့ နံနက် ၈ နာရီက ဒလမြို့နယ် သင်္ဘော ဆိပ်ကမ်း၌ အသိပညာပေး Mask Campaign ပြုလုပ်ခဲ့ပြီး နှာခေါင်းစည်း များကို အခမဲ့ပေးဝေ လှူဒါန်းခဲ့ ကြောင်းသိရသည်။
“ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များတွင် အထောက်အကူ ပြုစေရေး၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် မဖြစ်မနေ နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ကြ စေရေးအတွက် ခရီးသွား မိဘပြည်သူ များကို အသိပညာပေး Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်း စည်းများကို လှူဒါန်းခြင်း ဖြစ်ကြောင်း” ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ပြောသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ခရီးသွားမိဘ ပြည်သူ များအား နှာခေါင်းစည်းအခု ၅၀၀၀ ကို အခမဲ့ပေးဝေ ခဲ့ကြသည်။
အဆိုပါ ဒလသင်္ဘောဆိပ်ကမ်း မှ တစ်ဆင့် ရန်ကုန်(ပန်းဆိုးတန်း) ဆိပ်ကမ်းတို့သို့ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ ချယ်ရီသင်္ဘော ၃ စီးဖြင့် အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများ၊ အထွေထွေ လုပ်သား ပြည်သူများစွာတို့ ကူးသန်းသွားလာလျက်ရှိရာ နေ့စဉ် ခရီးသွားပြည်သူ ၂၅၀၀၀ ကျော်ကို ကူးတို့ပို့ဆောင် ပြေးဆွဲ ပေးလျက်ရှိသော ဆိပ်ကမ်း တစ်ခုဖြစ်သည်။
နိုင်လင်းကျော်(ဒလ)