မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမှတ် (၇) မေဃဝတီ မဂ္ဂဇင်းထုတ်ဝေနိုင်ရေး အစည်းအဝေး ကျင်းပ

မာန်အောင် မေ ၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မေဃဝတီမဂ္ဂဇင်းကော်မတီမှ မာန်အောင်မြို့နယ်မှ ထုတ်ဝေလျက်ရှိသော မေဃဝတီမဂ္ဂဇင်း အမှတ် (၇) ဆက်လက် ထုတ်ဝေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ယမန်နေ့ မွန်လွဲ ၁ နာရီက ကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စာပေကော်မတီ ဝင် ၁၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မေဃဝတီမဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီ နာယကဦးသာညွန့်မှ အဖွင့်အမှာစကား ပြောကြားပြီး စာပေကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေမှ မေဃဝတီမဂ္ဂဇင်း အမှတ် (၇) ထုတ်ဝေနိုင်ရေးနှင့် ပတ်သက်၍ ကော်မတီများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကိုလည်းကောင်း၊ စာရင်းစစ်ဦးစိုးသိမ်းမှ အမှတ် (၇) မေဃဝတီမဂ္ဂဇင်းထုတ်ဝေနိုင် ရေးအတွက်ရံပုံငွေရှာဖွေရေးနှင့် ပတ်သက်၍လည်းကောင်း၊ စာပေကော်မတီ အတွင်းရေးမှူး ဦးသန်းအောင်မှ စာမူခေါ်ယူထားမှုကိစ္စများနှင့် ပတ်သက်၍လည်းကောင်း၊ ဆွေးနွေးကြပြီး တက်ရောက် လာသူ စာပေကော်မတီဝင်များက အကြံပြု ဆွေးနွေးခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင် မေဃဝတီမဂ္ဂဇင်းကို ၁၉၇၉ ခုနှစ်၊ မှစတင်ထုတ်ဝေခဲ့ပြီး ယမန်နေ့ ထိ အမှတ် (၆) မေဃဝတီ မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပြီးဖြစ်ရာ အမှတ် (၇) ဆက်လက်ထုတ်ဝေနိုင်ရေးအတွက် စာမူများကို မေလ ၃၁ ရက်နေ့ နောက်ဆုံးထား ခေါ်ယူထားပြီး မဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)