ဂွမြို့နယ်တွင် အစားစာထုတ်လုပ်ခြင်းနှင့် လက်လီလက်ကား ရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးအလုပ်သမား စစ်တမ်းကောက်ယူ

ဂွ  မေ ၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇံဟိန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ များသည် မြို့နယ်အတွင်း အစားစာထုတ်လုပ်ခြင်းနှင့် လက်လီလက်ကား ရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးအလုပ်သမား  စစ်တမ်းကောက်ယူခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ လုပ်ငန်းတည်ရှိရာဆိုင်များသို့ ကွင်းဆင်း​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကလေးအလုပ်သမား  စစ်တမ်းကောက်ယူရာတွင် ရခိုင်ပြည်နယ်တွင် ရှိသော အစားစာ ထုတ်လုပ်ခြင်းနှင့် လက်လီလက်ကား ရောင်းဝယ်ရေး၊ မော်တော်ယာဥ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးလုပ်သားအခြေအနေကို သိရှိစေရန်နှင့် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးအတွက် အခြေခံအချက်အလက်များ ကောက်ယူရန်၊ ကလေး အလုပ်သမား များ၏ အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရန်၊ ကလေးသူငယ် မူဝါဒများကို ရေးဆွဲရာတွင် လက်ရှိအခြေအနေ များကို ဖော်ပြသော ညွှန်းကိန်းများ၊ အဆိုပါ ညွှန်းကိန်းများအပေါ် လေ့လာဆန်းစစ်မှုများနှင့် အထောက်အကူဖြစ်စေမည့် အကြောင်းအရင်း များကို ရရှိနိုင်ရန်နှင့် ရရှိလာသော ကလေးအလုပ်သမားစာရင်းကို စောင့်ကြည့်လေ့လာရန် ရည်ရွယ်ချက်များဖြင့် ဂွမြို့နယ်အတွင်းရှိ အစားစာထုတ်လုပ်ခြင်းနှင့် လက်လီလက်ကား ရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်း စသည့်လုပ်ငန်း အမျိုးအစားလုပ်ကိုင်သည့် လုပ်ငန်းအမျိုးအစား (၃၂)ခုအနက် မြို့ပေါ်ရပ်ကွက်အတွင်းရှိ လုပ်ငန်း များသို့ ကွင်းဆင်းကာ စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်