မြောက်ဦး မေ ၇
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား UNESCO ဝင်နိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့်အတူ ပြည်သူလူထုပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး ဟောပြောဆောင်ရွက်မှုကို ဝသဲရပ်ကွက် ဇိနမာရ်အောင်ဓမ္မာရုံအတွင်း၌ ယနေ့ နံနက် ၁၀နာရီအချိန်က ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်က မြောက်ဦးဒေသယဉ်ကျေးမှု အမွေအနှစ်ဒေသအား UNESCO ဝင်ရောက်နိုင်ရေး အတွက် ရှေ့ဟောင်း ဘုရား၊ စေတီ၊ ပုထိုးများ ထိန်းသိမ်းစောင့်ရှောက်မှုများကို ပြည်သူလူထုက ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး မြို့တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အတွက် အမှိုက်များကို စနစ်တကျ စွန့်ပစ်နည်းတို့ကို ပြောကြားခဲ့သည်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့မွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် တည်ရှိနေဆဲ ဖြစ်သော သို့မဟုတ် ကွယ်ပျောက်သွားခဲ့သော ယဉ်ကျေးမှု ဓလေ့၊ မြို့ပြယဉ်ကျေးမှုတစ်ခု၏ အတုမရှိ ပြယုဂ်တစ်ခုအနေဖြင့် ကျန်ရှိနေမှုနှင့် လူ့သမိုင်း တလျှောက်တွင် သိသာထင်ရှားသော အဆောက်အအုံပုံစံများ၊ ဗိသုကာလက် ရာနည်းပညာဆိုင်ရာအစိတ်အပိုင်းများ လည်းကောင်း၊ မြောက်ဦးယဉ် ကျေးမှုအမွေအနှစ်ဒေသ အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက် ပြီးနောက် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ဈေးကွက် စီးပွားရေးစနစ်ပိုမိုအသက်ဝင်လာနိုင်တို့ ကို လည်းကောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး ဒေသခံ မိဘပြည်သူများအား ယူနစ်စကို ဝင်ရောက် နိုင်ရန်ကိစ္စနှင့် ပတ်သက်၍ မေးခွန်းများမေးမြန်းရာ ဖြေဆိုနိုင်သူများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ဝသဲရပ်ကွကမှ အုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများနှင့် ရပ်ကွက် သူ/သားများ (၅၀)ဦးခန့် လည်းကောင်း၊ ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများ နှင့် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်နှင့် အဖွဲ့တို့မှ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)