ခရမ်း စက်တင်ဘာ ၃
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး တွင် ရန်ကုန် တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ လွှတ်တော်အသီးသီးအတွက် ပါဝင် ယှဉ်ပြိုင်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို သြဂုတ် ၃၁ ရက်နေ့မှစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးရှေ့တွင် ကပ်ထား ကြေညာထား လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကပ်ထားကြေညာရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၅)ဦး၊ တစ်သီးပုဂ္ဂလ (၁)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း(၇)ဦး၊ တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး၊ တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်လောင်း(၅)ဦး၊ ကရင် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်လောင်း(၇)ဦးနှင့် ရခိုင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း(၆)ဦး စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်လောင်း(၃၇)ဦးမှ သက်ဆိုင်ရာ လွှတ်တော် အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမည် ဖြစ်သည်။
ခရမ်းမြို့နယ်တွင် ရပ်ကွက်(၁၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၃)အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၆၆ ရွာရှိ၍ လူဦးရေ စုစုပေါင်း ၁၆၅၀၀၀ ကျော် နေထိုင်လျက်ရှိပြီး ဆန္ဒမဲပေးနိုင်ရန် မဲရုံ(၂၀၄)ရုံသတ်မှတ်ထားရှိ ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ကိုမင်း(ခရမ်း)