သိန္နီမြို့တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

သိန္နီ    မေ   ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပညာရေးဌာနနှင့် မြို့နယ် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်း ပိတ်ရက် ကျောင်းသား/ ကျောင်းသူ လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ယဉ်ကျေးလိမ္မာမှုရှိစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာ  ယဉ်ကျေးမှုသင်တန်းကို အထက(၁)ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က စတင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် သာသနာရေးမှူး ဦးဆန်းဖိုင်က ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မြို့ပေါ်ရှိ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၅၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းအား နေ့စဉ်နံနက် (၉)နာရီမှ (၁၀)နာရီအထိ ဖွင့်လှစ် သင်ကြားပေး ခြင်းဖြစ်ပြီး သင်တန်းကာလမှာ မေလ ၅ ရက်နေ့မှ မေလ ၁၄ ရက်နေ့ထိ (၁၀)ရက် ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

စောဥမ္မာ(သိန္နီ)