ပြည်ကြီးတံခွန် စက်တင်ဘာ ၃
ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေပိုင်း က မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်၊၆၂လမ်းနှင့် ၁၂၀ လမ်းထောင့်ရှိ တွတ်ပီ ကွေ့လမ်းဆုံတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်စိုးလင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များဖြစ်သော ဒေါက်တာချစ်ကိုကို၊ ဦးဇော်မောင်မောင်၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးစောဟန်နှင့် တာဝန်ရှိ သူများ၊ ပြည်ကြီးတံခွန်မြို့နယ်လူမှုကူညီရေးအသင်းချုပ်ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ ပေးခြင်း နှင့်ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ညပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ သွားရောက်ကာ ကိုဗစ်-၁၉ ကာကွယ်ရေး အတွက် အသံချဲ့စက်များဖြင့် အသိပညာပေးကြေငြာခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင်လည်း ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ဈေးရှေ့တွင် ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)