ရန်ကုန် မေ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီတွင် ဂီတပညာကို တတ်မြောက်နိုင်စေရန် ရည်ရွယ်၍ နွေရာသီအခမဲ့ သင်တန်းအဖြစ် ဂစ်တာတီးသင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ(၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် သင်တန်းနည်းပြ ဂီတပညာရှင် ကိုကျော်သူနိုင်(ရွှေလားရှိုး၊ ဂီတဖောင်ဒေးရှင်း)တို့က အမှာစကားအသီးသီးပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က သင်တန်းနည်းပြဆရာအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။ ဂီတာတီးသင်တန်းအမှတ်စဉ်(၂)ကို မေလ(၂) ရက်နေ့မှ မေလ(၆)ရက်နေ့အထိ မွန်းလွဲ(၁)နာရီအချိန်မှ ညနေ(၄)နာရီအချိန်အထိ သင်တန်းသား(၂၀)ဦးအား ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး နွေရာသီအခမဲ့သင်တန်းများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အဆိုပါ ဂီတာတီးသင်တန်းအပြင် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အတတ်ပညာ ဗဟုသုတရရှိစေမည့် သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)