မန္တလေး စက်တင်ဘာ ၃
အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်များ စာရင်းကိုစစ်ဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြရာ ယနေ့နံနက် ၉နာရီကလည်း ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၅လမ်းနှင့် ၁၆လမ်းကြား၊ ၈၆လမ်းရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် နိုဝင်ဘာ၈ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးအတွက် မဲဆန္ဒရှင် စာရင်းများကို ၂၅-၇-၂၀၂၀မှ ၁၄-၈-၂၀၂၀ ရက်နေ့ထိ (၂၁)ရက်ကြာ ပထမအကြိမ် ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင် ပြည်သူများ၏ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ၊ဆရာမများက စုပေါင်း၍ တစ်ရပ်ကွက်ခြင်း အလိုက် စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အချိန်မီ ပြီးစီးနိုင်ရေး စုပေါင်း ဆောင်ရွက် ကြခြင်းဖြစ်သည်။
အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာရာတွင် မှားယွင်းမှုများ မရှိစေရေးနှင့် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းများ ရရှိစေရေးတို့အတွက် ကော်မရှင် အဖွဲ့ဝင်များနှင့် သက်ဆိုင်သော ဌာနဆိုင်ရာများ အားလုံးက ဝိုင်းဝန်း ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)