ရခိုင်ပြည်နယ် မောင်တောမြို့၌ (၆) ကြိမ်မြောက် မြို အမျိုးသားနေ့ကျင်းပ

မောင်တော မေ ၆

ရခိုင်ပြည်နယ် မောင်တောမြို့၌  ၂၀၂၂ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ကျရောက်သော (၆)ကြိမ်မြောက် မြို အမျိုးသားနေ့ အခမ်းအနားကို (၃) မိုင် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို   (၃)မိုင်ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက် ပဓန နယက ဆရာတော် ဘုရားကြီးက (၆)ကြိမ်မြောက် မြို အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဝမ်းမြောက် ဩဝါဒစကား မိန့်ကြားပြီး သီဟိုအေးကျေးရွာမှ မြိုတိုင်းရင်းသားလူငယ်မောင်မယ်များ မြိုရိုးရာ ယဉ်ကျေးမှုအကဖြင့် ကပြဖျော်ဖြေခဲ့ကြသည်

ထို့နောက် ရှေ့တန်း အမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဌာနချုပ်၊ ဗိုလ်မှူးချုပ် ကျော်ထင်မှ ဂုဏ်ပြုအမှာစကားပြောကြားပြီး မြိုအမျိုးသားနေ့ ကျင်းပရေးကော်မတီနှင့် မြိုစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးဇနီဖြူမှ မြိုအမျိုးသားနေ့ ကျင်းပရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြိုတိုင်းရင်းသားပါတီ အတွင်းရေးမှူး ဦးမင်းအောင်မှ မြိုတိုင်းရင်းသားဆိုင်ရာ သမိုင်းအကျဉ်းကို ရှင်းလင်းပြောကြားပြီး  အဖွဲ့အစည်း အသီးသီးမှ မြိုအမျိုးသားနေ့အတွက် ပေးပို့လာသည့် သဝဏ်လွှာအား တာဝန်ရှိသူများ ဖတ်ကြား ခဲ့သည်။ ဆက်လက်၍ မြိုအမျိုးသားနေ့ အခမ်းအနား လက်ခံကျင်းပရခြင်းနှင့် ပတ်သတ်၍  ကိုင်းကြီး(မြို)ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံထွန်းလှ ကျေးဇူးတင်စကားပြောကြားနောက် ကိုင်း ကြီး ကျေးရွာ မြိုရိုးရာယဉ်ကျေးမှု အဖွဲ့မှ  ကပြဖျော်ဖြေခြင်း ၊  မြိုတိုင်းရင်းသား သက်ကြီးရွယ်အိုများအား  ပူဇော်ကန်တော့ပြီး မောင်တောမြို့ မြို့မိမြို့ဖများ ကိုယ်စား ဦးမောင်အုန်းမှ ဝမ်းမြောက်စကား ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့  ရှေ့တန်းအမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲမှူး ဌာနချုပ်မှ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ကျော်ထင်၊ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးမှု အဖွဲ့မှူးရုံး  ကွပ်ကဲရေးမှူး ရဲမှူးချုပ်ထက်လွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးနိုင်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဆရာတော်၊ သံဃာတော်များ၊ ပါတီအဖွဲ့အစည်းများ၊ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် များ၊ ပြည်သူများ အင်အား ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်လွင်စိုး