ပေါက်တော မေ ၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်နှင့် စာပေဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပေါက်တော မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် Youth Club တို့ ပူးပေါင်းပြီး ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး Youth Club အဖွဲ့ဝင် မနှင်းဝေစိုးက စာဖတ်ခြင်း အားဖြင့် လူငယ်တွေရဲ့ စိတ်နှလုံးကို နူးညံ့စေရုံသာမက ဦးနှောက်ကိုလည်း အသိတရားတွေတိုးစေပါတယ်၊ ဗဟုသုတ တွေရရှိတယ်၊ အမြင်တွေကျယ်လာတယ်၊ စကားလုံးတွေလည်း ကြွယ်ဝလာတယ်၊ စာဖတ်ခြင်းဟာ ကိုယ်ပိုင် လေ့လာ သင်ယူခြင်းဖြစ်တယ်၊ တွေးတောဆင်ခြင်စရာတွေလည်း စာဖတ်ခြင်းမှရရှိကြောင်း စသည့်တို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက လူငယ်များအနေဖြင့် အားလပ်ချိန်များတွင် စာအုပ် စာပေများကို လေ့လာ ဖတ်ရှုကြရန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်များတွင်လည်း အသိပညာ ဗဟုသုတတိုးပွားစေမည့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း၊ ပေါက်တောမြို့နယ် ပြည်သူ့ စာကြည့်တိုက် Page မှ အသိပညာ ဗဟုသုတရရှိစေမည့် အကြောင်းအရာများကို စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက် ပေးလျက် ရှိကြောင်း စသည့်တို့ကို ဆွေးနွေးသည်။
ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲများကို Online မှတစ်ဆင့် စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိသည်။
မြို့နယ်(ပြန်/ဆက်)